နှုတ်ခမ်းသားလေး မခြောက်ရအောင်
မျက်နှာကိုပဲ Skin Care တွေ လုပ်နေပြီး နှုတ်ခမ်းလေးကို ချန်ထားလို့ မရပါဘူးနော်။ နှုတ်ခမ်းဟာ မျက်နှာလိုပဲ ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုအများဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ရာသီဥတုအေးတဲ့အခါ၊ အပူအစပ်တွေစားတဲ့အခါနဲ့ မတည့်တဲ့ အလှကုန်တွေသုံးမိတဲ့အခါမျိုးတွေမှာ နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတာ၊ အဖတ်တွေ ကွာတာလာ၊ နီရဲရောင်ရမ်းလာတာတွေ ဖြစ်တတ်ပါတယ်။
ဒါဆို နှုတ်ခမ်းသားလေးတွေ မခြောက်သွေ့ပဲ စိုပြေနူးညံ့နေအောင် ဘာလုပ်သင့်သလဲ?
(1) အစိုဓာတ်ပါဝင်တဲ့ Lip Balm သုံးပါ
ဆောင်းတွင်းလို ခြောက်သွေ့တဲ့ လေအေးတွေတိုက်တဲ့ ရာသီမှာ ကိုယ်နဲ့မကွာရှိသင့်တာကတော့ Lip Balm ပါပဲ။ အစိုဓာတ်ထိန်းတဲ့အပြင် နေရောင်ခြည်ထဲက UV rays တွေကာကွယ်ဖို့ SPF ပါတဲ့ Lip Balm လေးဆောင်ပြီး မကြာခဏ ဆိုးပေးသင့်ပါတယ်။ အရောင်ပါတာဖြစ်ဖြစ် အရောင်မပါတာဖြစ်ဖြစ် ကြိုက်ရာရွေးချယ်လို့ရပါတယ်။
(2) ရေများများသောက်ပါ
နှုတ်ခမ်းတွေ ခြောက်လာမှ၊ ရေဆာလာမှ ရေထသောက်လို့ မရပါဘူး။ ရေဘူးလေး အနားမှာထားပြီး မကြာခဏရေသောက်တဲ့ အကျင့်ကို လုပ်သင့်ပါတယ်။ ရေဓာတ်ပြည့်ဝနေရင် နှုတ်ခမ်းလေးစိုပြေနေသလို အသားအရည်လည်း ကြည်လင်လာမှာမို့ တစ်နေ့ကို ရေ ၃ လီတာ အနည်းဆုံး သောက်သင့်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်နဲ့ Detox Water သောက်လို့လည်း ရပါတယ်။
(3) နှုတ်ခမ်းကို မကြာခဏလျက်တာမျိုး ရှောင်ပါ
နှုတ်ခမ်းခြောက်နေရင် နှုတ်ခမ်းကို မကြာခဏ လျက်နေမိတတ်ပါတယ်။ နှုတ်ခမ်းကို လျက်တာဟာ နှုတ်ခမ်းစိုသွားတယ်လို့ ထင်ရပေးမယ့် တကယ်တော့ မဟုတ်ပါဘူး။ ခြောက်သွေ့တဲ့လေထုက လျက်လိုက်တဲ့နှုတ်ခမ်းပေါ်က တံတွေ့ရဲ့ အစိုဓာတ်တွေကို အလျင်အမြန်စုပ်ယူလိုက်လို့ နှုတ်ခမ်းဟာ နကိုထက် ပိုခြောက်သွေ့သွားမှာပါ။
(4) နှုတ်ခမ်းအဖတ်တွေကို မခွာပါနဲ့
နှုတ်ခမ်းတွေ ခြောက်ပြီးကွဲနေရင် အဖတ်လေးတွေကို ခွာရတာက အရသာတစ်မျိုးပဲ မဟုတ်လား။ မနေတတ်လို့ပဲဖြစ်ဖြစ် အဖတ်လေးတွေကို ခွာတဲ့အခါ သွေးထွက်တာ၊ ရောင်ရမ်းလာတာတွေ ဖြစ်နိုင်လို့ သူ့အလိုလို အနာကျက်အောင်သာ ထားသင့်ပါတယ်။ အကယ်၍ ဘယ်လိုမှ မနေတတ်ဘူးဆိုရင်လည်း တဘက်လေးနဲ့ ဖွဖွပွတ်သပ်ပြီး ကွာကျအောင်လုပ်ပါ။ တဘက်နဲ့ပွတ်ပြီးရင် အဆီတစ်မျိုးမျိုး ဒါမှမဟုတ် Lip Balm ချက်ချင်းလိမ်းဖို့ မမေ့ပါနဲ့။
(5) Chemical ပါတာတွေ နှုတ်ခမ်းမှာ အသုံးပြုခြင်း ရှောင်ပါ
Parabens၊ ဆီလီကွန်နဲ့ အနံ့ထည့်ထားတဲ့ နှုတ်ခမ်းနီနဲ့ Lip Balm တွေဟာ ပါဝင်တဲ့ Chemical တွေကြောင့် ဓာတ်မတည့်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သဘာဝပစ္စည်းတွေ၊ Organic ပစ္စည်းတွေကိုသာ အဓိကထား ရွေးချယ်သင့်ပါတယ်။
အိမ်မှာ သကြားနဲ့အုန်းဆီရောကာ နှုတ်ခမ်းကို ခပ်ဖွဖွပွတ်ပေးပြီး Exfoliationလုပ်တာက ဆဲလ်သေအဖတ်တွေကွာဖို့ ကူညီပေးပါတယ်။ ပျားရည်လိမ်းပေးပြီး နာရီအနည်းငယ်ထားကာ ရေဆေးချတာကလည်း နှုတ်ခမ်းအစိုဓာတ် ရစေနိုင်မှာပါ။
ပြောထားတဲ့ အချက်တွေကို လိုက်နာရင် ဟက်ပီးလေးတို့ရဲ့ နှုတ်ခမ်းလေးတွေ နူးညံ့စိုပြေလှပစေမှာ အသေအချာပဲမို့ အခုကစလိုက်ရအောင်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်